01/12/2024
ခြောက်နှစ်တာနီးပါးမျှ ပုရွက်ဆိတ်လုပ်သားတယောက်ရဲ့ အရေးမပါခြင်းမျိုးနဲ့ ဘဝအတွက်လည်း ဘာတခုမှ ဖြစ်ထွန်းအရေးပါခြင်းမရှိခဲ့တဲ့ ဒီအလုပ်က ထွက်ပြီးတဲ့နောက်မှာ ပင်စင်စားတယောက်ရဲ့ ဘဝကို နားလည်စပြုသွားတယ်။ ယင်းသို့မဟုတ်ရင်လည်း ငြီးငွေ့ဖွယ် ထပ်တူကျသော ရက်ပေါင်း ၃၆၀ ရက်ရဲ့ ဆဌမအကြိမ်အခါမြောက် လည်ပတ်ရခြင်းများအောက်က အသက်မဲ့ မျှော်လင့်မှုတွေဟာလည်း ရပ်တန့်သွားလို့ ဖြစ်ပါတယ်။ အိပ်ရာက ထဖို့မလိုအပ်တာကို သိလျက်နဲ့လည်း မျက်လုံးတွေက သူ့အလိုလို ထပွင့်နေတယ်။ တနေ့က အိပ်မက်ထဲမှာ မန်နေဂျာဖြစ်သူရဲ့ ငေါက် သံကြီးက နားဝအထိ လာရောက် စူးနင့်တယ်။ ကျနော့်သက်ရှိခန္ဓာက လတ်ဆတ်ကောင်းမွန်နေပေတဲ့လည်း တပါးသူလက်အောက်မှာ ရှင်သန်ရရင်ပြီးရော နေလာခဲ့မှုတွေဟာ စိတ်ကိုယ်အစုံကို ဘယ်လောက်အထိ ပိပြားခဲ့ပြီလဲ မသိ။ တက်ကြွခြင်း၊ အားကြိုးမာန်တက် ဖြစ်လိုခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ ရှင်လျက်နဲ့ အသက်မဲ့လို့နေနေတယ်။ ဘဝခရီးဟာ ဘယ်လိုတွေ ထပ်လာဦးမလဲ ကျနော် မသိလိုတော့ပါ။
"ဘုရားအတုနဲ့ ဘဝအတုများ"
◼️ညီလင်းအိမ်
လူတယောက်က များမကြာမီအတွင်း ဘဝကြီးထဲက ထွက်ခွာရတော့မည်ဆိုတာကို မုချသိလိုက်ရရင် ဘာတွေ လုပ်ကြမလဲ။ ကူရိုဆာဝါးလက်ရာ ရုပ်ရှင်ထဲမှာတော့ အဲဒီလူကြီးက နှင်းတောကြီးထဲက ခုံကလေးပေါ်မှာပဲ ခလေးလေးတယောက်ရဲ့ ပုံပန်းလို သီချင်းလေးတွေ ညည်းရင်း ဒန်းစီးခဲ့တာတဲ့။ တချို့သူတွေကတော့ ဘဝကူးကောင်းအောင်ဆိုပြီး ယုံကြည်ရာ ဘာသာတရားတခုခုကို လုပ်ကောင်းလုပ်နေမှာပေါ့။ တချို့ ငွေကြေးတတ်နိုင်တဲ့သူကတော့ ခေတ်မီဆေးစွမ်းတွေ ကုသနည်းအဖုံဖုံတွေကို ရယူပြီး အသက်ဆက်ခွင့် ရဦးမလား စလို့ ကြိုးပမ်းကောင်း ကြိုးပမ်းနေကြမှာပေါ့။
ခြောက်နှစ်တာနီးပါးမျှ ပုရွက်ဆိတ်လုပ်သားတယောက်ရဲ့ အရေးမပါခြင်းမျိုးနဲ့ ဘဝအတွက်လည်း ဘာတခုမှ ဖြစ်ထွန်းအရေးပါခြင်းမရှိခဲ့တဲ့ ဒီအလုပ်က ထွက်ပြီးတဲ့နောက်မှာ ပင်စင်စားတယောက်ရဲ့ ဘဝကို နားလည်စပြုသွားတယ်။ ယင်းသို့မဟုတ်ရင်လည်း ငြီးငွေ့ဖွယ် ထပ်တူကျသော ရက်ပေါင်း ၃၆၀ ရက်ရဲ့ ဆဌမအကြိမ်အခါမြောက် လည်ပတ်ရခြင်းများအောက်က အသက်မဲ့ မျှော်လင့်မှုတွေဟာလည်း ရပ်တန့်သွားလို့ ဖြစ်ပါတယ်။ အိပ်ရာက ထဖို့မလိုအပ်တာကို သိလျက်နဲ့လည်း မျက်လုံးတွေက သူ့အလိုလို ထပွင့်နေတယ်။ တနေ့က အိပ်မက်ထဲမှာ မန်နေဂျာဖြစ်သူရဲ့ ငေါက် သံကြီးက နားဝအထိ လာရောက် စူးနင့်တယ်။ ကျနော့်သက်ရှိခန္ဓာက လတ်ဆတ်ကောင်းမွန်နေပေတဲ့လည်း တပါးသူလက်အောက်မှာ ရှင်သန်ရရင်ပြီးရော နေလာခဲ့မှုတွေဟာ စိတ်ကိုယ်အစုံကို ဘယ်လောက်အထိ ပိပြားခဲ့ပြီလဲ မသိ။ တက်ကြွခြင်း၊ အားကြိုးမာန်တက် ဖြစ်လိုခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ ရှင်လျက်နဲ့ အသက်မဲ့လို့နေနေတယ်။ ဘဝခရီးဟာ ဘယ်လိုတွေ ထပ်လာဦးမလဲ ကျနော် မသိလိုတော့ပါ။
ဒီအချိန်မှာပဲ လာမယ့်လပိုင်းအတွင်း ကင်ဆာဝေဒနာနဲ့ပဲ အသက်သေဆုံးရတော့မယ့် ကြေးစား Killer တယောက်က ကျနော့်အနားကို တိုးဝင်လာသတဲ့။ သူ့မှာတော့ မြန်မာပေါ်လစီကားတွေထဲကလို နောင်တရပြီး ကျွတ်တမ်းဝင်တာမျိုး၊ ရှယ်ယာဝင် သူဌေးကြီးများရဲ့ ဆည်းဆာအိုများကဲ့သို့ ပေါင်တံဖွေးဖွေးကလေးတွေကို ငေးကြည့်ရင်း အချိန်တွေ ကုန်ဆုံးလိုတာမျိုး မဟုတ်။
သူ့ဘဝမှာ သံယောဇဉ်အရှိဆုံးက အဖွား။ အဖွားကို ချစ်တဲ့ကြိုးနဲ့ပဲ ဘဝကို ချည်ထားတာ။ ခုတော့ အဖွားဖြစ်သူက ဒီကြိုးကလေးကို ဖြတ်ပြီး လူ့ဘဝထဲက ထွက်သွားနှင့်ပြီ။ ဒီတော့ ဘဝမှာ ရှင်ခြင်း၊ သေခြင်းဆိုတာ သူ့အတွက် ဘာမှ အရေးမပါတော့ဘူး။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကတော့ အဖွားလည်း ရှိသေးတာမို့ သူ့အလုပ်သူ ပျော်ပျော်ကြီး လုပ်ဖြစ် ခဲ့တာပဲ။ သူ့မှာ ကြေးစားတယောက်ဖြစ်ဖို့ အကောင်းဆုံး အရည်အသွေးတွေကို ပိုင်ဆိုင်ထားတယ်။
နံပါတ်တစ်က အကြောက်တရား ကင်းမဲ့တာ။ သူက ဘာဆိုဘာမှကို မကြောက်တတ်တာ။ သူ ရှင်းလင်းရမယ့် လူဆိုရင် ဘေးနားမှာ ဘယ်သူတွေ ရှိနေတာ၊ မိမိအတွက် လွတ်မြောက်နိုင်စရာ အခြေအနေရှိလား ဘာညာ စတဲ့ ပလန်တွေကို တခုမှ မကျင့်သုံး။ သူလုပ်စရာရှိတာကို လူအုပ်ကြားထဲလည်း သွေးအေးအေးနဲ့ လုပ်ချပစ်လိုက်တာမျိုးလေ။ ပြီးတော့ မာဂုဏ်ပေါ့။ ခွန်အားရှိသူအချင်းချင်း အသက်လုရတဲ့ပွဲမှာ ဘယ်သူက အနိုင်ရမယ်လို့ ယူဆနိုင်သလဲ။ တဘက်လူ တိုက်ခိုက်တာကို ခံနိုင်ရည်ရှိပြီး ပြန်လာနိုင်တဲ့သူက အနိုင်ရတာပဲလို့ သူကတော့ ပြောမှာ။ သူ့ဘဝတလျှောက်လုံး မသေရုံတမယ် သွေးသံရဲရဲနဲ့ပဲ ရှင်သန် အသက်ဆက်ခဲ့တယ်။ အနိုင်ယူ လွတ်မြောက်နိုင်ခဲ့တယ်။
ဒါပေမဲ့လည်း အဖွားမရှိတော့တဲ့နောက်မှာ ဘဝရဲ့ အဓိပ္ပါယ်မဲ့မှုကို သူသိလာတယ်။ အခုတော့ သူ့မှာ အဆုတ်ကင် ဆာက တကိုယ်လုံး လှိုက်စားလို့နေပြီ။ သိပ်မကြာခင်မှာပဲ သက်တမ်းကုန်တော့မယ်တဲ့။ ခန္ဓာကလည်း အချက်ပြနေတယ်။ ချောင်းတဟွတ်ဟွတ်နဲ့။ ဒီတော့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် စခန်းကို သွားဖြစ်ခဲ့တယ်။ ရဲစခန်းက သူ့ကို မမှတ်မိကြ။ ပြီးတော့ တတိုင်းပြည်လုံး အလိုရှိတဲ့ ဝရမ်းပြေးစာရင်းမှာ သူက တတိယနေရာ ရောက်နေတယ်။ ဒါတောင် ကပ်ထားတဲ့နံရံမှာ သူ့ပုံက မရှိ။ တခြားစာရွက်တွေက လွှမ်းထားတာ။ မနည်းဆွဲဖြဲကြည့်ရတယ်။
သေခါနီး လက်ကျန်ရက်များအတွက် ဘဝက ဘာတွေ ဆက်လုပ်ဖို့သင့်လဲ။ ကျနော်ကတော့ တိုင်းတပါးမှာ အလုပ်လက်မဲ့ ဖြစ်ရမှုအတွက် ဒီဘဝကြီးကပဲ အသက်မဲ့သွားရတော့မှာလိုလို ဖြစ်ရချိန်မှာ သူကတော့ ကျနော့်လို ပျော့ညံ့နုံနဲ့သူမှ မဟုတ်တာလေ။ လူဆိုတာ သေမှသွားရင် နာမည်တော့ ကျန်ရစ်ခဲ့မှာပေါ့ ။ ခုလောက်ထိ ကြေးစားရှင်းလင်းရေး ကဏ္ဍမှာ ဘယ်သူမှ ယှဉ်မရအောင် အစွမ်းထက်တဲ့သူ တယောက်က လူမသိ သူမသိ ကွယ်လွန်သွားတာမျိုးဟာ သိပ်တော့ မမိုက်လှဘူးမဟုတ်လား။
ဒါကြောင့် သူ ဆုံးဖြတ်ချက် ချလိုက်တယ်။ နံရံမှာကပ်ထားတဲ့ ဝရမ်းပြေးနှစ်ကောင်ကို ရအောင်ဖမ်းပြီး ရှင်းလင်းမယ်၊ ပြီးမှ ရဲစခန်း သွား အဖမ်းခံချင်ခံမယ်။ သူတို့ကို တိုက်ခိုက်ရင်းနဲ့ သူလည်း သေချင်သေသွားနိုင်တယ်။ ဒါကလည်း သူသေကိုယ်သေ ဆော်ပလော်တီးရင်းနဲ့ အသက်ပျောက်ရတာပဲ တန်ပါတယ်ပေါ့။
ကဲ အဲဒီတော့ ခင်ဗျာ၊ ဘဝအနာဂတ်ပျောက်နေတဲ့ ကျနော်က အေးအေးလူလူနဲ့ပဲ သူ့အကြောင်းကို ထိုင်ကြည့်ရင်း အဆုံးမတော့ စိတ်မကောင်းဖြစ်စရာ ဇာတ်သိမ်းများနဲ့ ပြီးဆုံးသွားရတော့မယ်လို့ ထင်မှတ်ကြတော့မှာလား။ သူက ချောင်ယွန်ဖတ်တို့လို ဘတပြန် ကျားတပြန်ချရင်း သေသွား၊ ကိုယ်တို့မှာ သူ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားရ စလို့ပေါ့။
ဘုရားက တကယ်ရှိတယ်ဗျ။ တကယ်ရှိတယ်ဗျ တဲ့။ တသက်လုံး လူ့အသက်ကို ယင်တကောင်ရိုက်သလို ရိုက်ဖျက် ခြေမွလာသူက ဘုရားတရားကြောင်း ပြောတော့ ကိုယ်တို့မှာ ယုံရခက်ခက်။ ဒုက္ခပင်လယ်ဝေတဲ့အချိန်မှာ ဘုရားမှတပါး ငြိမ်းအေးဖွယ် ပေးနိုင်သူမရှိဘူးလို့ သူက ကြည့်နေသူ ကျနော်တို့ကို မှတ်ထင်အောင် လုပ်ပြန်ပါရော။ ဖြစ်ပုံက ဒီလို။ ကိုယ့်ဆရာက သူလိုက်ရှာနေတဲ့ လူမိုက်ကြီးတယောက်နောက်ကို လိုက်ရင်းနဲ့ အဲဒီ ဆရာသခင်ရဲ့ ကျောင်းတော်ကို ရောက်သွားတာ။
အဲဒီဂေဟာမှာ သူ့လိုပဲ ကျွမ်းမြရတော့မယ့် ဘဝခရီးသည်တွေ အများကြီး ရောက်ရှိနေကြတာ။ သူကတော့ အစပိုင်းကတော့ ယုံကြည်တယ်ရယ်လို့လည်း မဟုတ်ပါဘူး။ သူလိုက်ဖမ်းရမယ့်သူကို သိချင်စိတ်နဲ့ပဲ သဲလွန်စ ရလိုရငြား ရောက်ခဲ့တာကို။ အဲဒီမှာ ရောက်ရောက်ခြင်းပဲ ဆရာသခင်က အကြားအမြင် ရနေတဲ့သူလို သူက ဘယ်လိုလူဆိုတာကို သိနေခဲ့တယ်။ ပြီးတော့ ဆေးရည်တမျိုး တိုက်တယ်။ သတိလစ်သွားပြီး အော့အန်ချိန်မှာတော့ အမည်းရောင်လိုလို ရေနံဂျီးရောင်လိုလို မည်းထေးနေတဲ့ အရည်တွေ အန်ချတယ်။ ဒါဟာ သူ့ခန္ဓာက မသန့်ရှင်းနေလို့ ဖြစ်ရတာတဲ့။
ဆရာသခင်ဆီက မြွက်ကြားတဲ့ စကားတွေ၊ နောက် ကုထုံးတွေက သူ့ဘဝအတွက် အလင်းလျှံတွေ ဖြစ်စေခဲ့ပါတယ်။ ဘယ်လောက်အထိ ထိရောက်သလဲဆိုရင် သူ့ကင်ဆာကိုတောင် ခန္ဓာကနေ သူ့အလိုလို ကုစားနေပြီတဲ့။ အဲဒီက ဆရာဝန်နဲ့ ဓာတ်မှန်ရိုက်အပြီးမှာ မယုံနိုင်အောင် ပြောင်းလဲသွားတယ်။ သူ့မှာ အံဩမင်သက်မိပြီး ဘဝအတွက် သွေးနဲ့ခင်းရမယ့်လမ်းကို စွန့်ပယ်လိုက်ဖို့ အသင့်ဖြစ်သွားပြီ။ ရှင်းလင်းဖို့ ဆုံးဖြတ်ထားတဲ့လူကလည်း ဒီမှာပဲ တိမ်းပါးသွားပြီးပြီတဲ့။
ကြည့်နေတဲ့ ကျနော်တို့များမလည်း ခုပဲ ဘုရား ထရှိခိုးရတော့မလိုလို၊ တရားဘာဝနာတွေပဲ ထပွားရတော့ မလိုလို။ ယုံကြည်ဦးခိုက်ရာ တခုခုကနေ အဲသလို အုပ်မိုးနွေးထွေးမှု စွမ်းအင်တွေ ပေးနိုင်တာ သေချာနေမှတော့ ဘယ်လိုတုံ့ဆိုင်းမှုမျိုးတွေနဲ့ ရှင်သန်နေတော့မှာလဲလေ။ ကိုယ့်ဆရာလည်း အဝတ်ဟောင်းတွေကို စွန့်ပြီး ဂေဟာကပေးထားတဲ့ အဝတ်ဖြူကိုပဲ မြတ်နိုးစွာ ဝတ်ဆင်မိလာတယ်။ သေနတ် ဘာညာတွေလည်း တနေရာမှာ မြှုပ်ပစ်လိုက်ပြီ။ ဘဝကို အသစ်တဖန်အဖြစ်နဲ့ ရှင်သန်ရဖို့အတွက်ဆိုရင် ပါလာသမျှ အရာတွေကို စွန့်ပစ်ရမယ်ဆိုတဲ့ ဒေသနာတော်အရ ပါလာခဲ့တဲ့ အဖွား အမှတ်တရပေးထားတဲ့ လက်ပတ်နာရီကလေးရယ်၊ ပြီးတော့ ပိုက်ဆံတသန်းလောက်ကိုလည်း ဆရာသခင်ဆီကို ပေးအပ်လိုက်ပါတယ်။ ဆရာသခင်ကလည်း သူ့ရှေ့မှာတင်ပဲ မီးသင်္ဂြိုဟ်တဲ့ စက်ထဲကို ထည့်လိုက်ပါတယ်။
ဆိုတော့ ဇာတ်လမ်းကြီးလည်း ပြီးပြီ။ မင်းသားကလည်း ချောင်ယွန်ဖတ်ကားတွေထဲကလို မဖြစ်တော့ဘဲ ကျွတ်တန်းဝင်၊ တရားရ၊ မဟုတ်ဘူးခင်ဗျ။ သူက ကြေးစားဖြစ်ခဲ့ပေမဲ့ ဦးနှောက်က ကောင်းနေတော့လည်း အခက်သား။ ဆရာသခင်က တကယ်တော့ လူတွေကို တရားပြနေတာ မဟုတ်ဘဲ မြန်မာပြည်က ထူးခန့်ကျော်လို Pro max ဖြစ်နေတာကို သူသိလိုက်ရတယ်။ ရေလည် သောက်ကျိုးနည်းသွားပြီ။
ဆရာသခင်ဟာ အထင်ကြီးစဖွယ် စကားတွေ၊ အဆောက်အဦတွေ၊ ကုသပေးတဲ့ ဆရာဝန် ဘာညာ စတာတွေနဲ့ အခိုင်အမာလုပ်ပြပြီး ယုံကြည်မှု ယူပြီးပြီဆိုမှ လာရောက်ကိုးစားကြသူတွေအပေါ်ကို လိမ်ညာ အမြတ်ထုတ်နေတာဆိုတာကို သိလိုက်ရတယ်။ အန်ချမိတဲ့ အရည်တွေကလည်း သူတို့ ဖန်တီးထားတဲ့ ဆေးရည်တွေဆိုတာ သိလိုက်ရတယ်။ ဆရာသခင်တို့လူစုဟာ ရောဂါမရှိသူဆို ရောဂါရှိသူလို့ ထင်အောင် ဆရာဝန်နဲ့ပေါင်းပြီး လိမ်ညာတယ်။ ရောဂါရှိတဲ့သူကျလည်း သူတို့ကုလို့ ပျောက်တယ်ဆိုတဲ့ ယုံကြည်မှုဖြစ်စေအောင် ဖန်တီးလိမ်ညာတယ်။ ပြီးရင် ပါလာသမျှ စွန့်ပစ်ရမယ် ဆိုတာကလည်း တကယ်လောင်ကျွမ်းစေတာ မဟုတ်ဘဲ အထူးဖန်တီးထားတဲ့ ပိုက်ပြွန်ထဲကနေ အဲဒီ ပစ္စည်းတွေ သိမ်းဆည်းထားကြတာ ဖြစ်တယ်။
ကိုယ့်ဆရာ ဘယ်လိုဖြစ်သွားသလဲ။ ဟားတိုက်ပြီး ရယ်ချင်မိတော့တာပေါ့။ လူ့လောကကြီးက သူ့အတွက် ရယ်ချင်စရာကြီး။ တွေ့ရသမျှ လူတိုင်းက မိမိတို့ဘဝ ရှင်သန်နိုင်ရေးအတွက် တနည်းမဟုတ် တနည်းနဲ့ ဘဝထဲက ဆက်နွယ် ရာ လူတွေကို ပြန်လည်အသုံးချရင်းနဲ့ ရှင်သန်နေကြတာပဲ။ သူ့မှာလည်း ဘဝထဲက လွတ်မြောက်ဖို့အတွက် အလုံးစုံ ယုံကြည်လိုက်ပြီးကာမှ လူအတု၊ ဘုရားအတု၊ ငွေကြေးအတု၊ ရောဂါအတု၊ ဘဝအတု မျှော်လင့်ချက်အတု၊ ကောင်းကင်အတု၊ ချစ်ခြင်းမေတ္တာအတု အရာအားလုံးက အတုကြီးတွေ ဖြစ်နေတယ်။ ဒါတွေကိုပဲ ကျနော်တို့ လူသားတွေဟာ အစစ်အဖြစ်၊ ကံကံ၏ စီမံမှုအဖြစ်နဲ့ ဘဝသံသရာအဖြစ်နဲ့ တစုံတယောက်ရဲ့ စီမံမှုအဖြစ်နဲ့ ကျနော်တို့တွေဟာ ယုံကြည်ကိုးစားနေကြတယ်။ သက်ရောက်မှုတိုင်းက တမုဟုတ်ချင်း ပြန်လည်သက်ရောက်ရမယ်လို့ မှတ်ထင်မိကြတယ်။ ဒါအတွက်လည်း ဖြေရှင်းဖို့ အထိရောက်ဆုံးနည်းလမ်းကို သူရှာတွေ့ခဲ့ပါတယ်။
ဘာလဲဆိုတော့။ ဖွက်ထားခဲ့တဲ့ သေနတ်တလက်ကို ပြန်သွားယူလိုက်တာပါပဲ။ ဒီသေနတ်ထဲက ကျည်ဆန်တွေက ဘုရားသခင်ဟောထားတဲ့ တရားတွေထက် ပိုမို ထိရောက်မြန်ဆန်မှု ရှိပါတယ်။ ဒီတော့ သူကိုးကွယ်မိသွားတဲ့ ဆရာသခင်ဆီကို ပြန်သွားလိုက်တယ်။ သူ့ကံကြမ္မာအတွက် အလောင်းအစားလုပ်ပေးဖို့ သူကိုင်စွဲခဲ့တဲ့ တရားက ပိုမိုပြီး စစ်မှန်မှု ရှိမရှိ သိစေဖို့ သေနတ်ကို ဆရာသခင်ဆီ ထုတ်ချိန်ရင်း အလောင်းအစားတခု လုပ်ခဲ့ပါတယ်။
ဘယ်လိုမျိုးလဲ ဆိုတာတော့ ...
ရုပ်ရှင်ရည်ညွှန်း - The Pig, the Snake and the Pigeon Taiwan Movie (2023)
#ညီလင်းအိမ်
#ခေါ်သံ