06/05/2022
သဘာဝ သောက်ရေသန့်တစ်ခုကို စနစ်တကျ ဘယ်လိုခွဲခြားမလဲ?
သဘာဝသောက်ရေသန့် တွေဆိုတာ လူများထိခိုက်ဖျက်ဆီးထားခြင်းမခံရတဲ့ သဘာဝရေအရင်းအမြစ်များကရရှိတဲ့ ရေများကို သောက်ရေအဖြစ် ပြန်လည်ဖြန့်ဖြူး ရောင်းချတဲ့ ရေသန့်များကိုခေါ်ပါတယ်။ (ဥပမာ - သဘာဝရေထွက်ကတိုက်ရိုက်ထုတ်တဲ့ စိမ့်စမ်းရေသန့်ဗူး)။ အချို့ကလဲ still water ပုံမှန် CO2 gas မပါသောရေအနေနဲ့ ရောင်းချကြပြီး အချို့ကတော့ sparkling water ၊ CO2 gas ပါသောရေအနေနဲ့ ရောင်းချတတ်ကြပါတယ်။
အဲ့လိုရေမျိုးတွေကို စနစ်တကျ အမျိုးအစားခွဲခြားကြည့်ရင်
1. Balance (ပြေပြစ်မှု)
2. Virginality (စင်ကြယ်မှု)
3. Minerality (သတ္တုဓာတ်)
4. Orientation (အရသာမျှတမှု)
5. Hardness (ရေစေးဓာတ်)
6. Vintage (သက်တန်းရင့်မှု)
စတဲ့ အချက် ၆ ချက်နဲ့ခွဲနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ Balance (ပြေပြစ်မှု) ကို ရှင်းပြပါမယ်။
1. Balance (ပြေပြစ်မှု)
ဒီနေရာမှာ Balance ကို ပြေပြစ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုပါမယ်။ ရေတစ်ခု သင့်ခံတွင်းထဲကို ဝင်လာတဲ့အခါ ထိုရေက ပြေပြစ်မှု ဘယ်လောက်ရှိလဲကို ဆိုလိုချင်တာပါ။ ရေတစ်ခုရဲ့ ပြေပြစ်မှုကို အဆင့် ၅ ဆင့်ခွဲကြည့်လို့ရပါတယ်။
1. Still : CO2 Gas မပါဝင်သော ပုံမှန်ရေအမျိုးအစားဖြစ်ပါတယ်။ လူအများစု နေ့စဉ်သောက်သုံးကြတဲ့ ရေမျိုးပါ။ ပြေပြစ်မှုအဆင့် 1 လို့ သတ်မှတ်ပါတယ်။ (Carbonation : 0 mg/l)
2. Effervescent : CO2 Gas အနည်းငယ်မျှသာ ပါဝင်သော ရေမျိုး / ဒီလိုရေမျိုးက ဗူးကိုဖွင့်ပြီး ခဏလောက်အတွင်းမှာပဲ Gas ကုန်သွားတတ်ကြပြီး Still water နဲ့ သိသိသာသာ ကွာခြားလေ့မရှိပါဘူး။ အများစုက မူလ ရေထွက်နေရာမှာထဲက သဘာဝ CO2 gas ပါဝင်လာတတ်တဲ့ Naturally carbonated water မျိုးဖြစ်ပါတယ်။ အနည်းငယ်သော CO2 gas မှ ပလုံစီလေးများပါဝင်တဲ့ရေက သင်ခံတွင်းထဲမှာ ခံစားချက် အသစ်ကို ပေးစွမ်းနိုင်မှာပါ။ အချိုပွဲ desserts များနဲ့ တွဲဖက်သောက်သုံးလေ့ရှိကြပါတယ်။ ပြေပြစ်မှုအဆင့် ၂ လို့သတ်မှတ်ပါတယ်။ (Carbonation: 0-2.5 mg/l)
3. Light : ပုံမှန်အနေအထားထက် လျော့နည်းတဲ့ CO2 gas ပါဝင်တဲ့ ရေမျိုးကို Light sparkling water လို့ပြောကြပါတယ်။ ပုံမှန် sparkling water မကြိုက်သူများတောင် light sparkling water ကို ကြိုက်လေ့ရှိပါတယ်။ ရေထဲက Gas ပါဝင်မှုက light ဖြစ်ပြီး အခြားအစားအသောက်များရဲ့ အရသာများ မဖုံးလွှမ်းတဲ့အတွက် အချို့ အရသာထူးခြားတဲ့ ဟင်းပွဲများကို အရသာခံ စားသုံးတဲ့အခါ နဲ့ တွဲဖက်သောက်သုံးလေ့ရှိပါတယ်။ ပြေပြစ်မှုအဆင့် ၃ လို့ သတ်မှတ်ပါတယ်။ (Carbonation : 2.5-5 mg/l)
4. Classic : CO2 gas ပုံမှန်အနေအထားပါဝင်ပါတယ်။ လူအများသိကြတဲ့ sparkling water ဆိုတာ ဒီ classic အမျိုးအစားပါ။ အစားအသောက်တော်တော်များများနဲ့ တွဲဖက်ကြလေ့ရှိပြီး အရက်/ဝိုင်/ယာမကာများနဲ့လဲ ရောနှောကာ သောက်သုံးလေ့ရှိကြပါတယ်။ ပြေပြစ်မှု အဆင့် ၄ သတ်မှတ်ပါတယ်။ (မှတ်ချက် မြန်မာနိုင်ငံ စျေးကွက်ထဲရှိ Soda ရေအများစုက သဘာဝရေမဟုတ်တဲ့အတွက် ဒီစာရင်းတွင်ထည့်သွင်းလို့မရနိုင်ပါဘူး) (Carbonation : 5-7.5 mg/l)
5. Bold : CO2 ပါဝင်မှု အရမ်းများတဲ့ရေမျိုးပါ။ သောက်လိုက်တာနဲ့ သင့်ခံတွင်းထဲမှာ မီးရှူးမီးပန်းပေါက်သလို ခံစားရတယ်လို့ ညွှန်းကြပါတယ်။ ထူးခြားတဲ့ခံစားမှုကိုလိုချင်တာမျိုး၊ Main course အစားအသောက်မစားခင် Appetizer စားတဲ့အချိန်မှာ အဖွင့် အနေနဲ့ သောက်သုံးတာမျိုးအတွက် သင့်တော်ပါတယ်။ ပြေပြစ်မှုအဆင့် ၅ လို့ သတ်မှတ်ပါတယ်။ (Carbonation : >7.5 mg/l)
2. Virginality (စင်ကြယ်မှု)
စင်ကြယ်မှုဆိုတာကတော့ ရေထဲမှာ nitrate ဓာတ်ဘယ်လောက်ပါဝင်လဲကို ကြည့်တာပါ။ မြေဩဇာများ၊ စက်ရုံအလုပ်ရုံမှ စွန့်ပစ်ပစ္စည်းများ၊ လူနှင့် တိရိစ္ဆာန်အညစ်အကြေးများ၊ အထွေထွေ စွန့်ပစ်ရေများမှာ Nitrate ဓာတ်များပါဝင်တတ်ပါတယ်။ ရေထဲမှာ Nitrate ဓာတ်ပါဝင်မှုကို ကြည့်ပြီး ထိုရေသည် သဘာဝမဟုတ်သော၊ လူကို ဘေးအန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေး/ chemical များနဲ့ ဘယ်လောက်ထိတွေ့ထားတယ်ဆိုတာကို မှန်းဆနိုင်ပါတယ်။ သဘာဝရေသန့်များရဲ့ Virginality ကိုလဲ အဆင့် ၅ ဆင့် ခွဲနိုင်ပါတယ်။
1. Portable / Nitrate 10-50 mg/l (အဆင့် ၁)
2. Acceptable / Nitrate 7-10 mg/l (အဆင့် ၂)
3. Good / Nitrate 4-7 mg/l (အဆင့် ၃)
4. Very Good / Nitrate 1-4 mg/l (အဆင့် ၄)
5. Superior / Nitrate 0-1 mg/l (အဆင့် ၅)
စသဖြင့် ခွဲခြားနိုင်ပါတယ်။
3. Minerality (သတ္တုဓာတ်)
သဘာဝရေသန့်တစ်ခုရဲ့ သတ္တုဓာတ် ပါဝင်မှုကတော့ ထိုရေသန့်ဖြစ်တည်လာတဲ့ ပတ်ဝန်းကျင်၊ ရေမြေအနေအထား နဲ့ ရာသီဥတုစတာတို့ပေါ်မှာ အများကြီး မှီခိုနေပါတယ်။ ရေတစ်ခုထဲမှာ သတ္တုဓာတ်ပါဝင်မှုပမာဏကို Total Dissolved Solids (TDS) လို့ခေါ်ပြီး ppm or mg/l အညွှန်းကိန်းနဲ့ တိုင်းတာလေ့ရှိပါတယ်။ သတ္တုဓာတ်လို့ပြောလိုက်ရင် အဓိကအားဖြင့်တော့ carbonates, bicarbonates, chlorides, sulfates, phosphates, nitrates, calcium, magnesium, sodium, potassium, iron, manganese နဲ့ အခြားပျော်ဝင်သတ္တုအချို့ကိုဆိုလိုတာပါ။ TDS ပမာဏအနည်းအများက ရေတစ်ခုကို အစားအသောက်နဲ့ တွဲဖက်တဲ့အခါ အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ရေထဲမှာ သတ္တုဓာတ်ပါဝင်မှုများလေ ရေရဲ့ ပေးစွမ်းနိုင်တဲ့ ခံစားချက်/အရသာက ထူးခြားလေဖြစ်ပါတယ်။ ဥပမာပေးရရင် သတ္တုဓာတ်အရမ်းနည်းတဲ့ ရေခဲတောင်ရေ/ မိုးရေ လိုမျိုးရေတွေကို ဝိုင်ဖြူ White wine နဲ့ တင်စားလေ့ရှိကြပါတယ်။ အဝင်နူးညံ့ပြေပြစ်ပြီး အရသာ light ဖြစ်ပါတယ်။ သတ္တုဓာတ်များတဲ့ သဘာဝစိမ့်စမ်းရေမျိုးတွေကိုကျတော့ Red wine နဲ့ တင်စားကြပါတယ်။ အရသာက လေးတယ်၊Heavy ဖြစ်တယ်၊ ထူးခြားတဲ့ အရသာမျိုးပေးနိုင်ပါတယ်။ သတ္တုဓာတ် အလွန်များတဲ့ရေမျိုးဆိုရင် သောက်သုံးပြီးသူရဲ့ ခံတွင်းထဲမှာ aftertaste ကျန်ခဲ့တာမျိုးထိရှိပါတယ်။ သတ္တုဓာတ်အနည်းအများကိုမူတည်ပြီး Minerality ကိုလဲ အဆင့် ၅ ဆင့်ခွဲခြားနိုင်ပါတယ်။
1. Super Low : 0-50 mg/l TDS (အဆင့် ၁)
2. Low : 50-250 mg/l TDS (အဆင့် ၂)
3. Medium : 250-800 mg/l TDS (အဆင့် ၃)
4. High : 800-1500 mg/l TDS (အဆင့် ၄)
5. Very High : 1500 mg/l & above (အဆင့် ၅)
4. Orientation (အရသာမျှတမှု)
အရည်တစ်ခုရဲ့ Acid/Base (အချဉ်/အဖန်ဓာတ်) မျှချေကို pH နဲ့တိုင်းတာပါတယ်။ pH 7.0 ကို မျှချေမှာ ရှိတဲ့ neutral pH အဖြစ်သတ်မှတ်ပြီး pH 1.0-6.9 ကို acidic နဲ့ pH 7.1-14 ကို Basic or Alkaline အဖြစ်သတ်မှတ်ပါတယ်။ Acid ကတော့ အချဉ်ဓာတ်/ အချဉ်အရသာကိုပေးပြီး Alkaline အရည်များ ကတော့ အဖန်/အခါးနဲ့ အချွဲအရသာမျိုးကိုပေးပါတယ်။ pH 7.1-7.5 ကြားကိုတော့ Low alkaline အဖြစ်သတ်မှတ်ပြီး အရေအရသာခံ water sommelier များကတော့ ချိုတဲ့အရသာရှိတဲ့ pH အဖြစ်သတ်မှတ်ကြပါတယ်။ ဒီနေရာမှာ ချိူတယ်ဆိုတာ သကြားလိုချိုတာမဟုတ်ပါဘူး၊ ရေက မချဉ်/မခါး အနေအထားကိုဆိုလိုတာပါ။ အဲ့တော့ Orientation လို့ခေါ်တဲ့ အရသာမျှတမှုကိုလဲ အဆင့် ၄ ဆင့်ခွဲခြားကြည့်လို့ရပါတယ်။
1. Acidic (အချဉ်ဖက်အရသာရောက်သောရေ) : pH 5-6.7 (အဆင့် ၁)
2. Neutral - (အရသာမျှတသောရေ) : pH 6.7-7.3 (အဆင့် ၂)
3. Hint of Sweet - (အနည်းငယ်ချိုသောအရသာပေးသည့်ရေ) : pH 7.3-7.8 (အဆင့် ၃)
4. Alkaline (အဖန်အရသာရှိသည့်ရေ) : pH 7.8-10
မှတ်ချက်။ ရေတစ်ခုရဲ့အရသာကိုဆုံးဖြတ်တဲ့အခါမှာ pH က minor factor တစ်ခုပဲဖြစ်ပါတယ်။ သတ္တုဓာတ် Minerality နဲ့ Carbonation ပါဝင်မှုများက pH ထက်ပိုပြီး ရေတစ်ခုရဲ့ အရသာကို ပြောင်းလဲစေနိုင်တယ်လို့ မှတ်သားထားသင့်ပါတယ်။
5. Hardness (ရေစေးဓာတ်)
Hardness (ရေစေးဓာတ်)အရပ်အခေါ်ထုံးဓာတ် ဆိုတာကို အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ရေထဲမှာရှိနေတဲ့ Calcium (Ca+) နှင့် Magnesium (Mg2+) တို့ ရဲ့ ပမာဏကို ပြောတာပါ။ တိတိကျကျဆိုရင်တော့ အခြား multivalent cation တွေပါ ပါဝင်ပါတယ်။ ကျွန်တော်တို့ အရပ်အခေါ်ထုံးဓာတ်ကို ဓာတ်ခွဲ တိုင်းတာကြည့်ပြီး ရေစေး(hard water)/ရေသွက်(soft water) ကို ခွဲခြားနိုင်ပါတယ်။ Total hardness များရင် အထင်ရှားဆုံးကတော့ ဆပ်ပြာတိုက်ရင် အမြှပ်မထွက်ဘဲ အဖြူအနှစ်များ ဖြစ်ပေါ်ခြင်း၊ ဆပ်ပြာများ လိုအပ်သည်ထက်ပိုကုန်ခြင်း၊ စက်ပစ္စည်းများ ပိုက်လိုင်းများတွင် အထူးသဖြင့် အပူ/heat/energy သုံးသော ရေအသုံးပြုသည့် ပစ္စည်းများတွင် ထုံးဂျိုများ ပိတ်ဆို့ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။ ရေစေးဓာတ်များပြားသော Hard water ကိုသောက်သုံးလို့ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ အထောက်အထားကတော့ တိတိကျကျ အခုစာရေးချိန်ထိတော့ မရှိသေးပါဘူး။ ကျန်းမားရေးကိုတောင် အထောက်အကူပြုပါသေးတယ်။ သို့သော်ဘယ်အရာမဆို တန်ဆေးလွန်ဘေးတော့ ရှိပါတယ်။ အဲ့တော့ ရေတစ်ခုမှာ Total Hardness က ဘယ်လောက်ရှိရင် အကောင်းဆုံးလဲ? Soft ဖြစ်လေ ကောင်းလေဆိုတာလဲ မဟုတ်ပါဘူး။ Hard ဖြစ်တိုင်းလဲ မကောင်းပါဘူး။ကိုယ်အသုံးပြုမဲ့ application ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ဥပမာနဲ့ပြောရရင် - သောက်ရေအတွက်ဆို အထက်မှာပြောခဲ့သလိုဘဲ WHO က 500 mg/l (ppm) as CaCO3 ထိသောက်လို့ရတယ်လို့ သတ်မှတ်ပေးထားပါတယ်။ တကယ်ဆိုရင်တော့ လက်တွေ့မှာ သောက်ရေ တော်တော်များများ က total hardness 120 mg/l အောက်မှာဘဲ ရှိတတ်ကြပါတယ်။ အဲ့ထက်များရင် အရသာ က ပုံမှန်ရေထက် ထူးခြားသွားပြီး လူအများစုအတွက် အမြဲသောက်တဲ့ ရေမျိုးအဖြစ် အများစုက မရွေးချယ်ကြတော့လို့ပါ။ (မှတ်ချက်။ ချွင်းချက်အနေနဲ့ ရေစေးဓာတ်အလွန်များပြီး အရမ်းနာမည်ကြီးတဲ့ ကမ္ဘာ့လူသောက်အများဆုံး ရေ brand တွေလဲရှိပါတယ်။ အဲ့ထဲကတစ်ခုကတော့ Evian water ပါ။ အလွန်ထူးခြားတဲ့ အရသာရှိပြီး အလွန်လူကြိုက်များတဲ့ ရေပါ)။ ထို့အတူ ရေပူသုံးတဲ့ ပန်းကန်ဆေးစက်များ၊ combi oven များ မှာကျတော့ hardness ကို sensitive ဖြစ်ကြပါတယ်။ အချို့ စက်များမှာ incoming hardness less than 15 ppm လို့တောင် သတ်မှတ်ထားကြပါတယ်။ ထို့အတူဘဲ hardness က အစားအသောက် အဖျော်ယာမကာ လုပ်ငန်းမှာလဲ အရေးကြီးပါတယ်။ ကော်ဖီကောင်းတစ်ခွက် အရောင်၊အနံ့၊အရသာ မှန်ဖို့ အတွက် hardness 17-85 mg/l ကြားမှာ ရှိသင့်ပြီး Beer ချက်လုပ်ငန်းများတွင် လဲ အချို့ Beer recipes များတွင် အရောင်၊အနံ့၊အရသာမှန်အောင် hardness ကို 200 ppm လောက်ထိ တင်ပြီး ချက်ရတဲ့အခါမျိုးလဲရှိပါတယ်။ အခုစာတမ်းက ထုံးဓာတ်နဲ့ သောက်ရေအကြောင်းပြောမှာဖြစ်လို့ ထုံးဓာတ်ကို လျော့ချတဲ့ water treatment စနစ်တွေကိုတော့ မရှင်းပြတော့ပါဘူး။ အရှေ့ပိူင်းမှာ ပြောခဲ့တဲ့ အချက်တွေလိုပဲ Hardness ကိုလဲ အဆင့် ၅ ဆင့်ခွဲခြားနိုင်ပါတယ်။
1. Soft : ရေသွက် (0-17.1 mg/l) (အဆင့် ၁)
2. Slightly Hard : ရေစေးဓာတ် အနည်းငယ်မျှပါသောရေ (17.1-60 mg/l) (အဆင့် ၂)
3. Moderately Hard : ရေစေးဓာတ် အသင့်အတင့်ပါသောရေ (60-120 mg/l) (အဆင့် ၃)
4. Hard : ရေစေးဖြစ်နေသော ရေ (120-180 mg/l) (အဆင့် ၄)
5. Very Hard : ရေစေးဓာတ် အလွန်များသောရေ (180 mg/l & over) (အဆင့် ၅)
6. Vintage (သက်တန်းရင့်မှု)
ဝိုင်ကောင်းတစ်ခုရဖို့ ထိုဝိုင်ရဲ့ သက်တန်းရင့်မှု Vintage ကအရေးကြီးပါတယ်။ သို့သော် သဘာဝရေသန့်တစ်ခု ရဲ့ quality ကိုတော့ ထိုရေရဲ့ သက်တန်းရင့်မှုနဲ့ တိုင်းတာလို့ မရပါဘူး။ ဒါပင်မဲ့ ရေတစ်ခုသက်တန်းရင့်မှု/ နုနယ်မှုက ထိုရေရဲ့ သတ္တုဓာတ်ပါဝင်မှု minerality နဲ့ အရသာ taste တို့ပေါ်မှာ သက်ရောက်မှု နည်းနည်းတော့ ရှိပါတယ်။ ဥပမာ : သက်တန်းအားဖြင့် အလွန်နုနယ်တဲ့ စိမ့်စမ်းရေမျိုးနဲ့ မိုးရေလိုရေမျိုးကထုတ်တဲ့ သဘာဝရေများက သက်တမ်းအားဖြင့် နုနယ်တဲ့ အတွက် ဖြတ်သန်းလာတဲ့ မြေကြီး/လေ ထဲက သတ္တုဓာတ်များကို စုပ်ယူဖို့ အချိန်အများကြီးမရပါဘူး။ အဲ့ အတွက်ထိုရေမျိုးတွေမှာ သတ္တုဓာတ်နည်းလေ့ရှိပြီး အရသာအရ light & clean taste မျိုးဖက်ကို သွားပါတယ်။ သို့သော် သက်တန်းရင့်ပြီး သတ္တုဓာတ်နည်းတဲ့ ရေမျိုးလဲရှိပြန်ပါတယ်။ ဥမာပေးရရင်တော့ ကျွန်တော့ blog တွေမှာ တစ်ခါရေးပေးဖူးတဲ့ Iceberg Water လို့ခေါ်တဲ့ ရေခဲတောင်ရေတွေပါ။ သက်တန်းနှစ်ကို ထောင်နဲ့ချီပြီး ရှိနေပင်မဲ့ သတ္တုဓာတ်ကတော့ အလွန်နည်းပါတယ်။
အဲ့အတွက် ပြောချင်တာက Vintage လိုခေါ်တဲ့ ရေရဲ့ သက်တန်းတစ်ခုတည်းနဲ့ ရေ quality ကောင်းမကောင်းကို ဆုံးဖြတ်လို့မရပင်မဲ့ သင် လွန်ခဲ့တဲ့ နှစ် ၁ ထောင်လောက်က ရေခဲတောင်ရေကို ကမ္ဘာ့အကောင်းဆုံး အစားအသောက်တွေနဲ့ တွဲဖက်စားသုံးရမယ်ဆိုရင်တော့ Epicurean pleasure ဆိုတဲ့ စားကောင်းသောက်ဖွယ်များကို ခံစားရရင်ဖြစ်တဲ့ ကျေနပ်စရာကောင်းတဲ့ စိတ်ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာအမှန်ပါပဲ။
Vintage (သက်တန်းရင့်မှု) ကို အဆင့်တွေခွဲခြားသတ်မှတ်လို့ သိပ်မရပင်မဲ့ ကျွန်တော်ကတော့ အဆင့် ၁၊၂၊၃ ဆိုပြီး အခုလိုသတ်မှတ်ချင်ပါတယ်။
1. သက်တန်းအလွန်နုသောရေ (သက်တန်းအားဖြင့် ရက်ပိုင်း၊ လပိုင်းလောက်သာရှိသောရေ) - အဆင့် ၁ (ဥပမာ - မိုးရေ)
2. သက်တန်း နှစ် အနည်းငယ်ရှိနေသောရေ - အဆင့် ၂ (ဥပမာ - စိမ့်စမ်းရေအချို့)
3. သက်တန်းနှစ် ရာပေါင်း ထောင်ပေါင်းများစွာရှိသောရေ - အဆင့် ၃ (ဥပမာ - ရေခဲတောင်ရေ/ ရေခဲမြစ်ရေ)
အခုပြောပြခဲ့တာတွေကတော့ သဘာဝ သောက်ရေသန့်တစ်ခုကို စနစ်တကျ ခွဲခြားတဲ့အခါ ကြည့်လေ့ရှိတဲ့ အချက်တွေဖြစ်ပါတယ်။ နောက်ပိုင်းမှာလဲ အခြား ရေ/ကော်ဖီ/လက်ဖက်ရည်/အစားအသောက်တွေမှာ ရေပါဝင်ပတ်သက်ပုံတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ရေသန့်တွေအကြောင်း စတာတွေကို ရေးသားပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် Page ကို Like & See First လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦး။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
Dr. Sai Aung Thant Zin
ပိုမိုပြီး ဝင်ရောက်ဖတ်ရှူရန် : https://bit.ly/3n9gw0g