07/08/2022
ကိုယ့်လုပ်ငန်းကိုယ်ဖျက်ဆီးသလို ဖြစ်စေတတ်သော အချက် ၁၅ ချက် (စာဖတ်ချိန် ၁၀ မိနစ် ဝန်းကျင်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
By Naing Win Aung (CEO Coach & NLP Master Trainer)
လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ဖို့ဟာ ထင်သလောက် မလွယ်ကူပါဘူး။ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ၊ တွက်ချက်မှုအနည်းငယ် လွဲမှားရုံနဲ့ လုပ်ငန်းပျက်စီးမှုဆီကို ဦးတည်သွားစေနိုင်ပါတယ်။ မတည်ငြိမ်တဲ့အချိန်မှဆိုရင် ပိုတောင် ခက်ခဲနိုင်ပါသေးတယ်။
အကယ်၍ သင့်ရဲ့ ရည်ရွယ်ချက်က လုပ်ငန်းအောင်မြင်ဖို့ မဟုတ်ဘူး၊ မြန်မြန်ပြုတ်ချင်တာဆိုရင်တော့ အဲဒါဟာ အရမ်းကြီးမခက်ပါဘူး။ အခုလိုမျိုး အပြောင်းအလဲတွေ သိပ်များတဲ့ကာလမှာ အဲဒီလိုဖြစ်အောင် လုပ်လို့ရတဲ့နည်းလမ်းတွေ တော်တော်များများရှိပြီး အဲဒီအထဲက သင်ရွေးချယ်နိုင်တဲ့နည်းလမ်း ၁၅ ခုကို ဒီပို့စ်လေးမှာ မျှဝေပေးလိုက်ပါတယ်။
အနှစ်ချုပ်
၁။ Lack of Direction (ဦးတည်ရာ မရှိခြင်း)
၂။ Impatience (စိတ်မရှည်ခြင်း)
၃။ Greed (လောဘကြီးခြင်း)
၄။ Action Without Thinking (မစဉ်းစားပဲ လုပ်တတ်ခြင်း)
၅။ Poor Cost Control (ကုန်ကျစရိတ်ထိန်းသိမ်းမှု အားနည်းခြင်း)
၆။ Poor Quality of Product (ထုတ်ကုန်အရည်အသွေး မကောင်းခြင်း)
၇။ Insufficient Working Capital (လည်ပတ်ငွေ မလုံလောက်ခြင်း)
၈။ Bad or Non-Existent Budgeting (ရသုံးမှန်းခြေလျာထားမှု အားနည်းခြင်း သို့မဟုတ် လုံး၀မရှိခြင်း)
၉။ Inadequate Financial Records (မလုံလောက်တဲ့ ဘဏ္ဍာရေးမှတ်တမ်းများ)
၁၀။ Loss of Momentum in the Sales Department (အရောင်းဌာနမှာ အရှိန်အဟုန်ကျဆင်းခြင်း)
၁၁။ Failure to Anticipate Market Trends (စျေးကွက်အလားအလာကို ခန့်မှန်းဖို့ ပျက်ကွက်ခြင်း)
၁၂။ Lack of Management Ability or Experience (စီမံခန့်ခွဲမှု အရည်အချင်းနဲ့ အတွေ့အကြုံမရှိခြင်း)
၁၃။ Indecisiveness (ဆုံးဖြတ်ချက် မပြတ်သားမှု)
၁၄။ Bad Human Relations (လူမှုဆက်ဆံရေးအားနည်းခြင်း)
၁၅။ Diffusion of Effort (အားထုတ်မှု ပျံ့နှံနေခြင်း)
အကျယ်ဖတ်ရန် 👇🏼👇🏼👇🏼
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ Lack of Direction (ဦးတည်ရာ မရှိခြင်း)
ဒါက ဘာကိုဆိုလိုလဲဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရှင်းလင်းတဲ့ ပန်းတိုင်တွေကို ချမှတ်ဖို့နဲ့ အဲဒီပန်းတိုင်တွေကို ရယူနိုင်အောင် အစီအစဉ်ချဖို့ ပျက်ကွက်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတွေ မစတင်ခင်၊ တိုးချဲ့မှုကို မလုပ်ခင်မှာ ပြီးပြည့်စုံတဲ့ စီးပွားရေးလုပ်ငန်း အစီအစဉ် (Business Plan) ကို ရေးဆွဲဖို့ ပျက်ကွက်ခြင်း ဖြစ်ပါတယ်။ ဘာဦးတည်ရာမှ သတ်သတ်မှတ်မှတ်မထားပဲ နိစ္စဓူ၀ကိစ္စတွေနဲ့သာ အချိန်ကုန်နေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ လုပ်ငန်းပျက်စီးစေမယ့်လမ်းကြောင်းပေါ်ကို ရောက်သွားပါလိမ့်မယ်။
……
၂။ Impatience (စိတ်မရှည်ခြင်း)
လုပ်ငန်းရှင်တွေအနေနဲ့ ရည်မှန်းချက်အများကြီးကို အချိန်တိုတိုနဲ့ ပြီးချင်တာမျိုး ဒါမှမဟုတ် ရလဒ်တွေကို ဖြစ်နိုင်တာထက် စောပြီး ရယူနိုင်ဖို့ မျှော်လင့်တာမျိုးကို ဆိုလိုပါတယ်။ အရေးပါတဲ့ဥပဒေသကတော့ အရာရာဟာ ခန့်မှန်းတာထက် ၂ ဆ ပိုမိုကုန်ကျတတ်ပြီး မျှော်မှန်းတဲ့အချိန်ထက် ၃ ဆ ပိုကြာတတ်တယ်ဆိုတာပါပဲ။ သင့်အနေနဲ့ လုပ်ငန်းအောင်မြင်မှုကို တကယ်မလိုလားဘူးဆိုရင် စိတ်မရှည်တာဟာ ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုပါပဲ။
……
၃။ Greed (လောဘကြီးခြင်း)
ဒါကတော့ အခုနက ပြောတဲ့ စိတ်မရှည်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ စီးပွါးရေးလုပ်ငန်း ဦးဆောင်သူအနေနဲ့ အလွန်အကျွံ စျေးနှုန်းသတ်မှတ်ပြီး အချိန်တိုအတွင်းမှာ ပိုက်ဆံအများကြီးရှာချင်တဲ့အခါမှာ လောဘဟာ လုပ်ငန်းကျရှုံးမှုကို ဦးတည်စေနိုင်ပါတယ်။ ပေးတဲ့တန်ဖိုးနဲ့ မကိုက်ညီလောက်အောင် မတန်တဆအမြတ်လိုချင်တာ၊ မသင့်တော်တဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို အတင်းထိုးရောင်းတာ စတာတွေဟာ လောဘကြီးခြင်းနဲ့ သက်ဆိုင်ပါတယ်။
……
၄။ Action Without Thinking (မစဉ်းစားပဲ လုပ်တတ်ခြင်း)
ဘာကိုပဲလုပ်လုပ် အောင်မြင်ဖို့ဆိုရင် သတင်းအချက်အလက်တွေကို စုဆောင်းပြီး စဉ်းစားချင့်ချိန် လုပ်ဆောင်ဖို့ လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မစဉ်းစားမဆင်ခြင်ပဲ စိတ်မြန်လက်မြန် လုပ်ဆောင်ပြီး ဆုံးရှုံးမှုများတဲ့အမှားအယွင်းတွေကို လုပ်ဆောင်တာဟာ တဖြည်းဖြည်းနဲ့ စီးပွားရေးလုပ်ငန်းကျရှုံးဖို့ကို ဦးတည်စေနိုင်တယ်။ အကယ်၍ လုပ်ငန်းပျက်သုန်းမှုဟာ သင်လိုလားတဲ့အရာမဟုတ်ဘူးဆိုရင် ဘာမှ မစဉ်းစား မဆင်ခြင်ပဲ စိတ်ကူးပေါက်တိုင်း စိတ်မြန်လက်မြန်လုပ်တာဟာ ရွေးချယ်စရာ မဟုတ်ပါဘူး။
……
၅။ Poor Cost Control (ကုန်ကျစရိတ်ထိန်းသိမ်းမှု အားနည်းခြင်း)
ပိုက်ဆံဟာ ရှာရတာလွယ်သလောက် သုံးရတာ၊ ဖြုန်းရတာ၊ ဆုံးရှုံးရတာ လွယ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အထူးသဖြင့် လုပ်ငန်းတည်ထောင်ကာစမှာ အလွန်အကျွံ သုံးစွဲခြင်း၊ အမြတ်အစွန်းမရခင်မှာ ပိုက်ဆံတွေ အားလုံးကို သုံးစွဲခြင်း၊ မိသားစုဝင်တွေကပါ နှိုက်သုံးခြင်း၊ အလေအလွင့်များကို မထိန်းသိမ်းခြင်း၊ မဆင်မခြင် သုံးတတ်တဲ့ရုံးအဖွဲ့သားများရှိခြင်း စတာတွေဟာ ကုန်ကျစရိတ်ထိန်းသိမ်းမှုအားနည်းခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
……
၆။ Poor Quality of Product (ထုတ်ကုန်အရည်အသွေး မကောင်းခြင်း)
အခြားဘယ်အကြောင်းရင်းတွေပဲရှိပါစေ လုပ်ငန်းတစ်ခုဆီကနေ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို ဝယ်ယူရတဲ့အရေးပါတဲ့အကြောင်းရင်းဟာ အဲဒီထုတ်ကုန် ဝန်ဆောင်မှုရဲ့ အရည်အသွေးပါပဲ။ ထုတ်ကုန်အရည်အသွေး မကောင်းတဲ့အတွက်ကြောင့် ရောင်းချဖို့ခက်ခဲခြင်း၊ နောက်တစ်ခါ ထပ်ရောင်းဖို့ ခက်ခဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ လုပ်ငန်းတိုးတက်မှုကို တမင်ရှောင်ရှားချင်တာဆိုရင်တော့ အရည်အသွေးမကောင်းတဲ့ ထုတ်ကုန်တွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားရုံပါပဲ။
……
၇။ Insufficient Working Capital (လည်ပတ်ငွေ မလုံလောက်ခြင်း)
လုပ်ငန်းလည်ပတ်မှု၊ ရောင်းအားနဲ့ အမြတ်ငွေရရှိမှုနဲ့ ပတ်သက်ပြီး အချို့သောလုပ်ငန်းရှင်တွေဟာ တခါတရံမှာ အလွန်အကျွံအကောင်းမြင်တတ်ကြပါတယ်။ အပြောင်းအလဲများလွန်းရင်ဖြစ်စေ၊ အခြားမမျှော်မှန်းနိုင်သော ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ စွန့်ဦးတီထွင်လုပ်ငန်းရှင်မျှော်လင့်သလို ကောင်းမွန်တဲ့ဝင်ငွေတွေ မြန်မြန် ဝင်မလာတဲ့အခါမှာ လည်ပတ်ငွေ မလုံလောက်မှုဟာ လုပ်ငန်းကျရှုံးမှုဆီကို ဦးတည်သွားစေနိုင်တယ်။ အဲဒါကြောင့် လုပ်ငန်းကို တမင်ပျက်စီးစေချင်သူမဟုတ်ဘူးဆိုရင် လုပ်ငန်းလည်ပတ်ငွေအခြေအနေကို အမြဲစောင့်ကြည့်သင့်ပြီး အပိုဆောင်းငွေကိုပါ လိုအပ်လာချိန်မှာ အသုံးပြုနိုင်အောင် အရံထားဖို့ လိုအပ်နိုင်ပါတယ်။
……
၈။ Bad or Non-Existent Budgeting (ရသုံးမှန်းခြေလျာထားမှု အားနည်းခြင်း သို့မဟုတ် လုံး၀မရှိခြင်း)
လာမယ့် ၆ လ၊ ၁ နှစ်မှာ ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲ၊ ဘာတွေဖြစ်မလဲ ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်ပေမယ့် အရောင်းပမာဏကို ဘယ်လောက်လိုချင်တယ်၊ လုပ်ငန်းလည်ပတ်စရိတ်ကို လစဉ်ဘယ်လောက်သုံးမလဲ၊ ငွေစာရင်းခေါင်းစဉ်တစ်ခုချင်းမှာကို ဘယ်လိုအသုံးပြုမယ် စတာတွေကို သတ်မှတ်တာဟာ လုပ်ငန်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ အမြတ်ငွေ ပိုမိုရရှိဖို့ကို များစွာအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ လုပ်ငန်းဦးဆောင်သူများအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကုန်ကျစရိတ်တွေ အားလုံးပါဝင်ပြီး ချရေးထားတဲ့ ဘက်ဂျက်တွေကို ရေးဆွဲဖို့ ပျက်ကွက်ခြင်းဟာ လုပ်ငန်းကျရှုံးမှုကို ဦးတည်သွားစေနိုင်ပါတယ်။
……
၉။ Inadequate Financial Records (မလုံလောက်တဲ့ ဘဏ္ဍာရေးမှတ်တမ်းများ)
လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်း စတင်ချိန်နဲ့ တိုးချဲ့တဲ့အချိန်မှာ စာရင်းကိုင်ခြင်း (Bookkeeping) ဒါမှမဟုတ် စာရင်း စနစ် (Accounting System) ကို သတ်မှတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယခင်လုပ်ငန်းကြီးတစ်ခုမှာ ရှယ်ယာဝင်၊ ဒါရိုက်တာတစ်ဦးအနေနဲ့ ပါဝင်ခဲ့ချိန်က ငွေစာရင်းအစီရင်ခံစာတွေကို အဆင်သင့်ရရှိခဲ့ပေမယ့် Breakthrough ကို တည်ထောင်တဲ့ပထမနှစ်တွေမှာ စာရင်း၊ ဇယားပိုင်းမှာ အားနည်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒါကြောင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ ထိရောက်သင့်သလောက် မထိရောက်တာတွေကိုပါ တွေ့ကြုံခဲ့ရပါတယ်။ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ လုပ်ငန်းပျက်သုန်းမှုကို မလိုလားဘူးဆိုရင် စာရင်း၊ ဇယားစနစ်တကျလုပ်ဖို့ မဖြစ်မနေလိုပါတယ်။
……
၁၀။ Loss of Momentum in the Sales Department (အရောင်းဌာနမှာ အရှိန်အဟုန်ကျဆင်းခြင်း)
အရောင်းဌာနအရှိန်အဟုန် ကျဆင်းမှုဟာ ငွေလည်ပတ်မှု (Cash Flow) ကျဆင်းဖို့ကို ဖြစ်ပေါ်စေပြီး လုပ်ငန်းအဖွဲ့အစည်းကို ပြိုလဲစေနိုင်ပါတယ်။ အရောင်း = ဝင်ငွေလို့ ကျွန်တော့်ရဲ့ဆရာတစ်ဦးဖြစ်တဲ့ Blair Singer က ပြောပါတယ်။ အရောင်းမရှိပဲ ဝင်ငွေမရှိနိုင်သလို ဝင်ငွေမရှိရင်လည်း လုပ်ငန်းရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် စျေးကွက်ဖော်ဆောင်ရေး (Marketing) နဲ့ အရောင်း (Sales) ဌာနတွေအနေနဲ့ လက်ရှိမတည်ငြိမ်တဲ့ကာလမှာကို တတ်စွမ်းသမျှ ကြိုးစားပြီး လုပ်ငန်းကို လူတွေပိုသိလာအောင်၊ လူတွေပိုပြီး ဝယ်ယူဖြစ်လာအောင်၊ မကြာခဏဝယ်ယူဖြစ်လာအောင် ကြိုးပမ်းဖို့ လိုအပ်နိုင်ပါတယ်။
……
၁၁။ Failure to Anticipate Market Trends (စျေးကွက်အလားအလာကို ခန့်မှန်းဖို့ ပျက်ကွက်ခြင်း)
ဒါကတော့ လုပ်ငန်းဦးဆောင်သူများအနေနဲ့ ဝယ်လိုအားတွေ၊ ဖောက်သည် လိုလားချက်တွေ ဒါမှမဟုတ် စီးပွားရေးအခြေအနေတွေမှာ ပြောင်းလဲမှုတွေကို သတိမထားမိပဲ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေခြင်းကို ဆိုလိုပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ဘာကိုယ် လုပ်စရာရှိတာ လုပ်နေမယ်ဆိုတာ အမြဲတော့ မမှန်နိုင်ပါဘူး။ လုပ်ငန်းအပေါ်မှာ ပြင်ပက အခြေအနေတွေရဲ့ သက်ရောက်မှုဆိုတာဟာ အမြဲတမ်းရှိနေသလို အဲဒါတွေကြောင့် စျေးကွက်ကဘာဖြစ်နိုင်မလဲ၊ ကိုယ့်လုပ်ငန်းအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာတွေကို သိပြီး ဆီလျော်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ရွေးချယ်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
……
၁၂။ Lack of Management Ability or Experience (စီမံခန့်ခွဲမှု အရည်အချင်းနဲ့ အတွေ့အကြုံမရှိခြင်း)
စီးပွားရေးဦးဆောင်သူများအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် အရေးကြီးတဲ့အရည်အချင်းတွေကို နားမလည်ခြင်း ဒါမှမဟုတ် မသိခြင်း စတာတွေ ဖြစ်ပါတယ်။ ကျွန်တော့်ဆရာဖြစ်တဲ့ Mr. Chrisian Simpson က Develop The Owner, Not The Business လို့ ပြောပါတယ်။ ဆိုလိုတာကတော့ လုပ်ငန်းဦးဆောင်သူမတိုးတက်မချင်း လုပ်ငန်းက တိုးတက်လာမှာမဟုတ်ဘူးဆိုတာပါပဲ။ သင့်လုပ်ငန်းမှာ တာရှည်ခံတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို မြင်ချင်တယ်ဆိုရင် သင်ကိုယ်တိုင်နဲ့ သင့်ရဲ့အဖွဲ့သားတွေ အရင်ဆုံးတိုးတက်လာဖို့ လိုပါတယ်။ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ စီးပွားရေး စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုအရည်အချင်းတွေ တိုးတက်လာဖို့ လိုသလို၊ အတွေ့အကြုံတွေ ရယူပြီး ပိုမိုတိုးတက်လာဖို့လည်း လိုပါတယ်။
……
၁၃။ Indecisiveness (ဆုံးဖြတ်ချက် မပြတ်သားမှု)
လုပ်ငန်းရှင်အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အချိန်မှာ အဓိက ဆုံးဖြတ်ချက်တွေကို မချမှတ်နိုင်ခြင်းကို ဆိုလိုပါတယ်။ ဆုံးဖြတ်ချက်တွေဟာ အခြားသူတွေရဲ့ ခံစားချက်တွေ၊ ထင်မြင်ယူဆချက်တွေအတွက် စိတ်ပူနေတာကြောင့် နှောင့်နှေးခြင်း ဒါမှမဟုတ် ကောင်းကောင်းမွန်မွန် မဆုံးဖြတ်နိုင်ခြင်းများလည်း ပါဝင်နိုင်ပါတယ်။ အပြောင်းအလဲအရမ်းများတဲ့အချိန်ကာလတွေမှာ လုပ်ငန်းအောင်မြင်ဖို့ဆိုရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့တင်မကပဲ အဲဒီလို ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်ဖို့ပါ လိုအပ်လာပါတယ်။
……
၁၄။ Bad Human Relations (လူမှုဆက်ဆံရေးအားနည်းခြင်း)
ကိုယ်ရေးကိုယ်တာ ပြဿနာတွေ၊ ဖောက်သည်၊ အကြွေးရှင်၊ ပစ္စည်းပေးသွင်းသူ၊ ဝန်ထမ်းများနဲ့ ပြဿနာတွေဟာ လုပ်ငန်းပြိုလဲမှုကို ဦးတည်စေနိုင်ပါတယ်။ လူဆိုတာ အမြဲတမ်းတော့ စိတ်မရှည်နိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ဆောင်ရာမှာ အဲဒီလို ဆင်ခြေပေးနေလို့ မဖြစ်နိုင်ပါဘူး။ သင်ဘာလုပ်ငန်းကိုပဲ လုပ်နေပါစေ၊ သင်ဟာ လူတွေနဲ့ ဆက်စပ်ပတ်သက်ရတဲ့ လုပ်ငန်းကို လုပ်နေတယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ သူတို့အမြင်မှာ နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့လည်း ဂရုတစိုက်ကြိုးပမ်းဖို့ လိုပါတယ်။
……
၁၅။ Diffusion of Effort (အားထုတ်မှု ပျံ့နှံနေခြင်း)
စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ဖို့ကြိုးစားနေပြီး ဦးစားပေးအစီအစဉ် ချမှတ်ဖို့ ပျက်ကွက်ခြင်း၊ တန်ဖိုး အမြင့်ဆုံး အလုပ်တွေကို အာရုံစိုက်ဖို့ ပျက်ကွက်ခြင်းစတာတွေဟာ သင့်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုကို လျော့ကျစေနိုင်ပါတယ်။ လုပ်ငန်းအောင်မြင်ပြီး စနစ်တကျလည်ပတ်နိုင်ချိန်မှာ နောက်လုပ်ငန်းတွေ ချဲ့ထွင်တာဟာ ရွေးချယ်စရာဖြစ်နိုင်ပေမယ့် မတည်ငြိမ်သေးတဲ့အချိန်မှာ အာရုံများနေခြင်းကတော့ လုပ်ငန်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်စီးအောင် လုပ်သလိုမျိုးတောင် ဖြစ်စေနိုင်ပါတယ်။ အချိန်ကာလတစ်ခုမှာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စူးစိုက်လုပ်ဆောင်ခြင်းဟာ သင့်လုပ်ငန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ အောင်မြင်မှုရရှိလာဖို့အတွက် သိသိသာသာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
……
အခုဆိုရင် သင်ဟာ လုပ်ငန်းကို မိမိဘာသာပျက်စီးအောင် လုပ်မိသလို ဖြစ်တတ်သောအချက် ၁၅ ချက်ကို လေ့လာခဲ့ပြီးပါပြီ။ သင့်လုပ်ငန်းမှာ အဲဒီအချက်တွေထဲက ဘယ်အချက်တွေကို လုပ်နေမိလဲ၊ အဲဒါတွေကို ဘယ်လိုပြုပြင်မလဲ၊ ဘယ်တော့စတင်ပြုပြင်မှာလဲ၊ ဘယ်လိုပြုပြင်မလဲဆိုတာတွေကို ပြန်သုံးသပ်ပါ။
ပြီးရင် အမြန်ဆုံး စတင်အကောင်အထည်ဖော်ပါ။ ဒါဆိုရင်တော့ သင်ဟာ လုပ်ငန်းကို အခုထက်ပိုပြီး တိုးတက်အောင်မြင်စေနိုင်မယ့် လမ်းကြောင်းပေါ်ကို တင်ပေးသလို ဖြစ်လာပြီး မြင်သာထင်သာရှိတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိလာနိုင်ပါလိမ့်မယ်။
Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Business Leadership Facilitator
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အကယ်၍ အခုစာဖတ်နေတဲ့မိတ်ဆွေဟာ လုပ်ငန်းနဲ့ ဘဝတိုးတက်ပြောင်းလဲမှုကို အချိန်တိုအတွင်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်နေတယ်ဆိုရင် ….
Naing Win Aung - CEO Coach Page ဒါမှမဟုတ် Breakthrough Coaching, Training & Consulting Page များကို Message ပို့၍ ဖြစ်စေ 09765222102, 09765222104, 09765222107, 09776480300 တို့ကို ဆက်သွယ်၍ ဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်။
Naing Win Aung - CEO Coach & NLP Master Trainer Page မှ စာများကို စီးပွားရေး Page များတွင် ကူးယူဖော်ပြခွင့်မပြုသော်လည်း Page မဟုတ်သော Personal Account များတွင် နာမည်ဖော်ပြ၍ credit ပေးပြီး ပြန်တင်နိုင်ပါတယ်။
Reference: Brian Tracy